မနက်မနက် ကော်ဖီတစ်ခွက်နဲ့ ရုံးတက်ချင်သူတွေအတွက် ကော်ဖီခွက် ဝယ်စရာမလိုတော့ပါဘူး။ ကိုယ်ကိုင်နေတဲ့ ဖုန်းရဲ့ ဖုန်းကာဗာကိုပဲ ကော်ဖီခွက်လို သုံးနိုင်ပါပြီ။

ဖုန်းကို ကိုယ့်ရဲ့ ကော်ဖီဖျော်စက်လေးလို ပြောင်းပေးမယ့် ကာဗာလေးကို Mokase လို့ ခေါ်ပြီး Kickstarter campaign ပွဲကနေ ထွက်လာတဲ့ ထူးထူးဆန်းဆန်း နည်းနည်းပညာတစ်ခု ဖြစ်ပါတယ်။ စမတ်ဖုန်းမှာ ကော်ဖီထည့်ထားလို့ ရအောင် အသေအချာ ဒီဇိုင်းဆွဲထားတဲ့ အသုံးအဆောင်တစ်ခု ဖြစ်ပြီး အထူ ၁ စင်တီမီတာလျော့လျော့ပဲ ထူတဲ့ ကာဗာလေးပါ။ ရေလုံးဝ လုံတဲ့ ကာဗာလေးဖြစ်ပြီး ကော်ဖီရဲ့ အပူကိုလည်း ထိန်းပေးထားနိုင်တဲ့ ဓါတ်ဗူးလေးတစ်ခု ပါရှိပါတယ်။ ဒီဓါတ်ဗူးလေးကိုတော့ mokaromi catridge တောင့်လေးထဲမှာ ထည့်ထားတာ ဖြစ်ပြီး အပူကို ၅၀ ဒီဂရီ ဆဲလ်စီးရပ်စ်ကနေ ၆၀ ဒီဂရီ ဆဲလ်စီးရပ်စ် အထိ ထိန်းထားနိုင်ပါတယ်။ Mokase ဖုန်းကာဗာလေးထဲမှာ ကော်ဖီ၂၅ မီလီလီတာအထိ ထည့်ထားနိုင်တာ ဖြစ်လို့ ကော်ဖီတစ်ခွက်ကောင်းကောင်း သောက်လို့ ရနိုင်မှာ ဖြစ်ပါတယ်။
Mokase ကော်ဖီထည့် ဖုန်းကာဗာခွက်ကို အလူမီနီယံ ဆီလီကွန်နဲ့ သတ္တုသုတ်လိမ်းထားပြီ ကော်ဖီရဲ့ အပူဓါတ်ကို ထိန်းသိမ်းပေးဖို့ လီသီယမ်ဘက်ထရီတစ်လုံး သုံးထားပါတယ်။ တကယ်လို့ ဘက်ထရီအားသွင်းချင်တယ်ဆိုရင်လည်း USB cable ကနေ အားသွင်းနိုင်မှာပါ။ ဒါ့အပြင် Mokase ကော်ဖီကာဗာနဲ့ တွဲပြီး အပူအအေး ထိန်းညှိပေးနိုင်မယ့် အက်ပလီကေးရှင်းတစ်ခုလည်း ပါရှိပါတယ်။ Mokase ဟာ ကော်ဖီရဲ့အရသာနဲ့ အရည်အသွေးကို အနည်းဆုံး သုံးလလောက်အထိ လတ်ဆတ်အောင် ထိန်းညှိပေးနိုင်ပါတယ်။
ကော်ဖီထည့်သွားနိုင်တဲ့ ယခု ဖုန်းကာဗာဟာ Samsung ၊ Huawei ၊ LG ဖုန်းများအပြင် iPhone 6 ၊ 6s နဲ့ 7 တို့ လို စမတ်ဖုန်းများနဲ့ တွဲဖက်ပြီး အသုံးပြုနိုင်ပါတယ်။ ဒီပစ္စည်းလေးကို လာမယ့် စက်တင်ဘာလထဲမှာ ဈေးကွက်တင် ရောင်းချသွားဖို့ ရှိပါတယ်။ ဈေးနှုန်းအနေနဲ့ ၅၄ ဒေါ်လာ (မြန်မာငွေ ၇ သောင်း ၃ ထောင်ခန့် ) ဈေးနှုန်းကနေ စတင်ရောင်းချသွားမှာပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun